လုပ်ငန်းအုပ်စု CEO ၏ အမှာစကား

ဓာတ်ပုံ- Yuki Kusumi၊ ကိုယ်စားလှယ် ဒါရိုက်တာ၊ ဥက္ကဌ၊ Panasonic Holdings Corporation လုပ်ငန်းအုပ်စု အမှုဆောင်အရာရှိချုပ်

စည်းစိမ်ဥစ္စာကြွယ်ဝရေးနှင့် စိတ်ချမ်းသာပျော်ရွှင်ရေးအတွက် ကျွန်ုပ်တို့၏ ပြောင်းလဲမှုကို အရှိန်မြှင့်ဖော်ဆောင်ခြင်း

"စည်းစိမ်ဥစ္စာကြွယ်ဝရေးနှင့် စိတ်ချမ်းသာပျော်ရွှင်ရေး" ဆိုသည်မှာ ကျွန်ုပ်တို့၏ လုပ်ငန်းတည်ထောင်သူ Konosuke Matsushita အနေဖြင့် သူ့ဘဝတစ်လျှောက် မျှော်မှန်းပြီး ရအောင်ကြိုးစားခဲ့သော စံပြလူ့အဖွဲ့အစည်းအခြေအနေတစ်ရပ် ဖြစ်သည်။ ဤမြင့်မားသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် သူသည် ထိုအချက်ကို ကုမ္ပဏီအုပ်စု၏ စစ်မှန်သောရည်ရွယ်ချက်အဖြစ် 1932 ခုနှစ်၌ သတ်မှတ်ထားရှိခဲ့ပြီး နှစ် 250 စီမံကိန်းကို ချမှတ်ခဲ့ကာ ထိုအချိန်အတောအတွင်း ကုမ္ပဏီအနေဖြင့် ထိုရည်ရွယ်ချက်ကို အောင်မြင်စေရန် မျိုးဆက်ဆယ်စုကျော်တိုင်အောင် မဆုတ်မနစ် ကြိုးစားအားထုတ်ရပါလိမ့်မည်။

သို့ဖြစ်၍ ယနေ့ Panasonic ရှိ ကျွန်ုပ်တို့အားလုံးတွင် နောင်မျိုးဆက်သစ်များအတွက် ရည်ရွယ်ချက်ကို လက်ဆင့်ကမ်းပေးရန် တာဝန်ရှိသည်။

ပထဝီနိုင်ငံရေးအန္တရာယ်အပေါ် မူတည်၍ အလွန်အမင်း အလုပ်သမားရှားပါးမှုနှင့် ထောက်ပံ့ရေးကွင်းဆက်များအမျိုးမျိုးကွဲပြားမှုအပါအဝင် လူ့အဖွဲ့အစည်းအတွင်း လျင်မြန်သောပြောင်းလဲမှုများစွာ ရှိခဲ့သည်။ ထို့အပြင် ယခုအခါ ကျွန်ုပ်တို့သည် ကမ္ဘာကြီးပူနွေးလာမှု၊ အရင်းအမြစ်များ လျော့နည်းလာမှုနှင့် ကျန်းမာစွာဖြင့် အသက်ရှည်ရှည်နေနိုင်စေရေး မျှော်လင့်ချက်ကဲ့သို့ ထူးခြားသော လူမှုရေးဆိုင်ရာ ဖြစ်စဉ်များစွာကို ရင်ဆိုင်နေရသည်။

ဤအမျိုးမျိုးသော လူမှုရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးရင်း ကျွန်ုပ်တို့၏ နှစ် 250 စီမံကိန်း အောင်မြင်စေရန် ရည်ရွယ်လျက် Panasonic ကုမ္ပဏီအုပ်စုတွင် ကျွန်ုပ်တို့သည် အခြေခံဗျူဟာနှစ်ခုကို အကောင်အထည်ဖော်မည်ဖြစ်သည်။

ပထမဦးစွာ ကုမ္ပဏီအုပ်စုရှိ ဝန်ထမ်းအားလုံးစည်းလုံးညီညွတ်စွာ ပူးပေါင်းလျက် တစ်ကမ္ဘာလုံးရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကူညီဖြေရှင်းရန် ဆောင်ရွက်သွားပါမည်။ ကုမ္ပဏီအုပ်စု၏ နှစ် 250 စီမံကိန်း ပြီးမြောက်မည့် ယခုမှစ၍ နောင်နှစ်ပေါင်း 160 အနာဂတ်တွင် နေထိုင်မည့်သူများ၏ ပျော်ရွှင်မှုကို စိတ်ကူးပုံဖော်လျက် နောင်လာမည့် မျိုးဆက်သစ်များ ဤကမ္ဘာမြေပေါ်တွင် ဆက်လက်နေထိုင်ရာ၌ ဆိုးရွားပြင်းထန်သော အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခြင်း မရှိအောင် ကျွန်ုပ်တို့ သေချာပေါက် လုပ်ဆောင်ပေးရမည်။ ကျွန်ုပ်တို့ Panasonic သည် ရာသီဥတုပြောင်းလဲမှု အပါအဝင် ကမ္ဘာတစ်ဝန်းရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအတွက် အရေးပေါ်ဖြေရှင်းနည်းများ ပံ့ပိုးခြင်းအား ကျွန်ုပ်တို့၏ ထိပ်တန်းဦးစားပေးစီမံခန့်ခွဲမှု ရည်မှန်းချက်အဖြစ် သတ်မှတ်ထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ကုမ္ပဏီအုပ်စုတစ်ခုလုံးတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဦးတည်ချက်ဖြစ်သည့် Panasonic GREEN IMPACT (သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ချက်) ကို ကျင့်သုံးလျက်ရှိသည်။ သွားရေးလာရေး၊ နေအိမ်များ၊ မြို့များနှင့် ထောက်ပံ့ရေးကွင်းဆက်များ ကဲ့သို့သော နယ်ပယ်မျိုးစုံ ပါဝင်သည့် ကျွန်ုပ်တို့၏ မတူကွဲပြားသော စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် Panasonic ကုမ္ပဏီအုပ်စုသည် လူ့အဖွဲ့အစည်းအတွင်း CO2 ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးအား ပံ့ပိုးကူညီရန် ကြိုးစားအားထုတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်သည်။

ဒုတိယအနေဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဖောက်သည်များအား ၎င်းတို့၏ဘဝတစ်လျှောက်လုံး ကျန်းမာ၊ ဘေးကင်းပြီး သက်တောင့်သက်သာရှိစေရေးအတွက် ကူညီရန် သန္နိဋ္ဌာန်ချထားပါသည်။ Panasonic ကုမ္ပဏီအုပ်စုတွင် ဘဝအခြေအနေအမျိုးမျိုးရှိ ကျွန်ုပ်တို့၏ဖောက်သည်များနှင့် ထိတွေ့ဆက်ဆံရသည့်နေရာများစွာ ရှိပါသည်။ ဤစုံလင်လှသော ဖောက်သည်များနှင့် ထိတွေ့ဆက်ဆံမှု အတွေ့အကြုံများကို ကျွန်ုပ်တို့၏ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများနှင့် ပေါင်းစပ်ကာ နည်းပညာဆန်းသစ်တီထွင်မှုများနှင့် လုပ်ငန်းပုံစံ ပြောင်းလဲမှုများကို အရှိန်မြှင့်ခြင်းဖြင့် ကုမ္ပဏီအုပ်စုသည် "ဘဝနေထိုင်မှုပုံစံ ဖြေရှင်းချက်ပေးသူ" အဖြစ် တိုးတက်ကြီးထွားလိုပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီအုပ်စုသည် အားလုံးစုစည်းညီညွတ်စွာဖြင့် ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ပုဒ်ဖြစ်သော "Live Your Best (သင့်ဘဝကို အကောင်းဆုံးနေထိုင်နိုင်စေဖို့)" ကို အကောင်အထည်ဖော်သွားပါမည်။ ထိုရည်ရွယ်ချက်အတွက် ကုမ္ပဏီအုပ်စု၏ ပြောင်းလဲမှုကို ပိုမိုမြန်ဆန်အောင် ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ပါမည်။ ကုမ္ပဏီအုပ်စု၏ ဝန်ထမ်းအားလုံးသည် တညီတညွတ်တည်း ကြိုးပမ်းအားထုတ်ကြရုံသာမက မိမိကိုယ်မိမိ တစ်ဦးချင်းစီအနေဖြင့် ဆက်လက်စိန်ခေါ်ရင်း ပိုမိုတိုးတက်အောင် လုပ်ကြပါမည်။ ထို့အပြင် လည်ပတ်လျက်ရှိသော ကုမ္ပဏီဖွဲ့စည်းပုံအောက်တွင် ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်နေသော ကုမ္ပဏီအသီးသီးသည် ၎င်းတို့ စီမံကိုင်တွယ်သည့် လုပ်ငန်းနယ်ပယ်များနှင့် ဖောက်သည်များအတွက် ပြိုင်ဘက်ကင်းသော ပံ့ပိုးကူညီမှုများ ပေးစွမ်းရန် အပြင်းအထန် ကြိုးစားအားထုတ်ပါမည်။ ဤကဲ့သို့သော ကြိုးပမ်းအားထုတ်မှုများဖြင့် Panasonic ကုမ္ပဏီအုပ်စုသည် ပိုမိုတိုးတက်မှုရရှိရန်အတွက်သာမက နောက်ဆုံးတွင် ၎င်း၏လုပ်ငန်းတန်ဖိုးကို မြှင့်တင်ရန်အတွက်ပါ ခိုင်မာစွာ သန္နိဋ္ဌာန်ချထားပါသည်။ ရှေ့ဆက်ပြီး ပံ့ပိုးကူညီ အားပေးရန် ဤအခွင့်အရေးမှတစ်ဆင့် လေးစားစွာ တောင်းဆိုပါရစေ။

Yuki Kusumi

Yuki Kusumi
ကိုယ်စားလှယ် ဒါရိုက်တာ၊ ဥက္ကဋ္ဌ
အုပ်စု၏ အမှုဆောင် အရာရှိချုပ်
Panasonic Holdings Corporation