Panasonic Group ၏ စီမံခန့်ခွဲရေးအခြေခံမူဝါဒ ၅။ Panasonic Group ၏ "စီမံခန့်ခွဲရေးအခြေခံမူဝါဒ"

Panasonic Group တွင် အခြေခံမူဝါဒ၊ ယုံကြည်မှု၊ ကျင့်ဝတ် ၇ ချက်ကို အဓိကထား၍ လက်တွေ့ဖော်ဆောင်ရန်အတွေးအခေါ်အထိကို "စီမံခန့်ခွဲရေးအခြေခံမူဝါဒ" ဟု အဓိပ္ပာယ် သတ်မှတ်ထားသည်။ တည်ထောင်သူ၏ ညာလက်ရုံးအနေဖြင့် စစ်ကြိုခေတ်မှ စစ်ပြီးခေတ်၏ ပြန်လည်တည်ထောင်ရေးကာလနှင့် တိုးချဲ့ဖွံ့ဖြိုးရေးကာလတွင် လက်တွေ့ကူညီပံ့ပိုးခဲ့သည့် ဥက္ကဋ္ဌဟောင်း Arataro Takahashi သည် စီမံခန့်ခွဲရေးမူဝါဒကို လက်တွေ့ဖော်ဆောင်ရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့နေရာမှာ ဘယ်သူမှမယှဉ်နိုင်တဲ့ အကောင်းဆုံးအလုပ်ကို လုပ်ပြီး စားသုံးသူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အသုံးပြုနိုင်မယ့်အလုပ်ကိုလုပ်ရင် သေချာပေါက် ဆုလာဘ်ကို ရရှိမှာဖြစ်တယ်။ ဆုလာဘ်မရဘူးဆိုတာ စားသုံးသူတွေကို ပျော်ရွှင်စေတဲ့အလုပ်ကိုလုပ်မနေဘူးဆိုတဲ့ သက်သေဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်စဥ်ကိုခွဲခြမ်းစိတ်ဖြာပြီး အဖြေရှာရမှာဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်ဟာ အကျိုးအမြတ်နောက်ကို လိုက်ဖို့၊ ကုမ္ပဏီကို တိုးတက်အောင် လုပ်ဖို့မဟုတ်ဘဲ စားသုံးသူအားလုံးရဲ့ စိစစ်ရွေးချယ်တဲ့အထဲမှာ အရွေးခံရစေမယ့် ကောင်းမွန်တဲ့ အလုပ်ကို လုပ်သွားဖို့ဖြစ်ပါတယ်။ လူသားတွေရဲ့ ဘဝကို ကြွယ်ဝလာစေပြီး နေထိုင်မှုဘဝကို ပိုမိုဖွံ့ဖြိုးတိုးတက်စေကာ ယဥ်ကျေးမှုကို မြင့်တင်ပေးမယ့်အလုပ်ကိုလုပ်မယ်ဆိုရင် သေချာပေါက် ဆုလာဘ်ကို ရရှိမှာဖြစ်ပါတယ်။

အဆိုပါဆုလာဘ်မရရှိဘူးဆိုတာက သေချာပေါက် အခြေခံမှာ မှားယွင်းနေတယ်လို့ နားလည်လိုက်ရင် အဲ့ဒီကနေ ပြုပြင်ပြောင်းလဲမှုအမျိုးမျိုး ထွက်ပေါ်လာမှာဖြစ်ပါတယ်။ "စက်မှုလုပ်ငန်းနယ်ပယ်က မကောင်းတာ"၊ "ပြိုင်ဘက်ကုမ္ပဏီတွေက ဈေးဖျက်တာကြောင့် ဈေးကွက်ပျက်တာ" ဆိုပြီး အခြားသူတွေကို အပြစ်တင်ရင်တော့ စီမံခခန့်ခွဲရေးဟာ မှားယွင်းနေလို့ ဖြစ်ပါလိမ့်မယ်။

အထက်ပါစကားတွင် ဖော်ပြခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် စံပြလူ့အဖွဲ့အစည်းဖြစ်ရန် ရည်ရွယ်၍ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ပံ့ပိုးကူညီရန် ကုန်ပစ္စည်းအရည်အသွေး၊ ကုန်ကျစရိတ်၊ ဝန်ဆောင်မှုတွင် အများထက်သာလွန်သော၊ ဖောက်သည်များထံမှ ရွေးချယ်ခံရမည့်အလုပ်ကို လုပ်ရမည်ဖြစ်သည်။ ထိုသို့တိုးတက်စေရန်အတွက် မဆုတ်မနစ်ဘဲ ပြုပြင်ပြောင်းလဲပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။

အကယ်၍ ကုန်ပစ္စည်း မရောင်းရပါက ကုန်ပစ္စည်းမှတစ်ဆင့် လူ့အဖွဲ့အစည်းအား ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် အထောက်အကူမပြုနိုင်ဘဲ လုပ်ငန်းအနေဖြင့် တာဝန်ကျေပွန်နေသည်ဟု မဆိုနိုင်ပါ။ ထိုအခြေအနေတွင် ဈေးနှုန်းကို လျော့ချရောင်းလိုက်မည် ဟူသည့် အတွေးရှိရမည်မဟုတ်ပါ။ ပထမဦးစွာ ကုန်ကျစရိတ်ကို ကျိုးကြောင်းဆီလျော်အောင် လုပ်ခြင်း၊ ကုန်ပစ္စည်းအရည်အသွေးနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းတို့အပြင် ပြီးပြည့်စုံသော ဝန်ဆောင်မှု ဖြစ်စေရန် ကြိုးစားအားထုတ်ရန်လည်း အရေးကြီးသည်။

တစ်နည်းအားဖြင့် စီမံခန့်ခွဲရေးအခြေခံမူဝါဒနှင့်အညီ အလုပ်လုပ်ကိုင်နေသရွေ့ ဈေးနှုန်း ကြီးမြင့်ခြင်း၊ ပစ္စည်းအရည်အသွေး၊ စွမ်းဆောင်ရည် မကောင်းခြင်းတို့အား လျစ်လျူရှုထားခြင်းကို ခွင့်မပြုဘဲ ကျွန်ုပ်တို့သည် ကျိုးကြောင်းဆီလျော်မှု၊ တိုးတက်မှုတွင် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။

အမှန်ပင် ကုန်ကျစရိတ်ကို ကျိုးကြောင်းဆီလျော်အောင်လုပ်ခြင်း၊ ကုန်ပစ္စည်းအရည်အသွေးနှင့် စွမ်းဆောင်ရည်ကို တိုးမြှင့်ခြင်းမှာ မလွယ်ကူသော်လည်း စီမံခန့်ခွဲရေးအခြေခံမူဝါဒကို သေချာစွာ လိုက်နာပြီး လက်တွေ့ဖော်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားပါက ထိုမှဉာဏ်ရည်ဉာဏ်သွေးနှင့် တီထွင်မှုများ ပေါက်ဖွားလာပြီး တိုးတက်ဖွံ့ဖြိုးရန်အတွက် မှန်ကန်သောကြိုးပမ်းအားထုတ်မှုကို မဆုတ်မနစ် ဆက်လက်လုပ်ဆောင်သွားနိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ထို့အပြင် ကျွန်ုပ်တို့၏ လုပ်ငန်းသည် မည်မျှပင် ချဲ့ထွင်နိုင်ပြီး အဖွဲ့အစည်းမှာ ကြီးမားလာစေကာမူ လုပ်ငန်း၏ အခြေခံသဘောတရားသည် တစ်ဦးစီဖြင့် လည်ပတ်သည့်လုပ်ငန်းနှင့်တူညီပြီး ဖောက်သည်များနှင့် လုပ်ငန်းဆိုသည့်အနှစ်သာရသည် တူညီကြောင်းမှတ်ယူရန် လိုအပ်သည်။

၁၉၃၅ ခုနှစ် Matsushita Electric Industrial Co., Ltd. ပူးတွဲစတော့ရှယ်ယာအဖွဲ့အစည်းသို့ ကူးပြောင်းချိန်တွင် ပြဌာန်းခဲ့သည့် "အခြေခံရုံးတွင်းစည်းမျဉ်းများ" တွင် အောက်ပါအပိုဒ်ပါရှိသည်။

Matsushita Electric သည် အနာဂတ်တွင် မည်မျှကြီးမားလာသည်ဖြစ်စေ နှိမ့်ချသောဝန်ထမ်း ဖြစ်ရမည်ဟူသော သဘောထားကို ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ပြီး မိမိကိုယ်ကို ဆိုင်ငယ်တစ်ခုတွင် အလုပ်လုပ်နေကြောင်းတွေး၍ အလုပ်လုပ်ဆောင်နေချိန်တွင် ရိုးသား၊ ချွေတာပြီး နှိမ့်ချမှုရှိရမည်ဖြစ်သည်

တည်ထောင်သူသည် "ကုန်သည်တစ်ယောက်" ၏ အခြေခံလိုအပ်ချက်ကို အောက်ပါအချက် ၃ ချက်ဖြင့် ဖော်ပြထားသည်။

  • အရောင်းအဝယ်၏ အဓိပ္ပာယ်ကို နားလည်ခြင်း
  • ဖောက်သည်၏ စိတ်ထားကို သိရှိနိုင်ခြင်း
  • တစ်ပါးသူထက် နှိမ့်ချတတ်ခြင်း

ကျွန်ုပ်တို့တစ်ဦးချင်းစီသည် မိမိတို့ အရောင်းအဝယ်ပြုရသည့် အကြောင်းအရင်းအဓိပ္ပာယ်ကို သေချာစွာ သိနားလည်၍ ဖောက်သည်များ မည်သို့တွေးခေါ်နေသည့်အပေါ် အခြားသူများထက် ပိုမိုသိရှိခံစားပြီး အမြဲတစေ နှိမ့်ချစွာနှင့် ကျေးဇူးတင်စိတ်ရှိသောသဘောထား လိုအပ်သည်။

အခြေခံစီးပွားရေးဓာတ်ပုံကို လုပ်ငန်းစဉ်တွင် အသုံးပြုရန် တစ်ယောက်တည်းအနှစ်သင်္ကာ ဝန်ထမ်းတစ်ယောက်တည်းအတွက် လုပ်ငန်းလမ်းညွှန်များစုစည်းမှု။