Panasonic Group ၏ စီမံခန့်ခွဲရေးအခြေခံမူဝါဒ ၉။ စုပေါင်းအသိပညာကို ပေါင်းစပ်ထားသော ဝန်ထမ်းအားလုံး၏စီမံခန့်ခွဲမှု

Panasonic Group တွင် "ကိုယ်တိုင် တာဝန်ယူမှုရှိသော စီမံခန့်ခွဲမှု" ကို ကျေပွန်စွာ အကောင်အထည်ဖော်နိုင်ရန် ဝန်ထမ်းတစ်ဦးစီသည် မိမိကိုယ်ကို မိမိလုပ်ငန်း၏ တာဝန်ခံ၊ စီမံခန့်ခွဲသူအနေဖြင့် လုပ်ကိုင်၍ "ဝန်ထမ်း၏ စီးပွားရေးလုပ်ငန်း" ကို ဖော်ဆောင်ကာ လူတစ်ဦးစီ၏ အသိပညာကို စုပေါင်း၍ စီမံခန့်ခွဲခြင်း တစ်နည်းအားဖြင့် စုပေါင်းအသိပညာကို ပေါင်းစပ်ပြီး စီမံခန့်ခွဲခြင်းကို အလေးထားလျက်ရှိသည်။ တည်ထောင်သူသည်လည်း "အကောင်းဆုံး စီမံခန့်ခွဲမှုသည် စုပေါင်းအသိပညာဖြင့် စီမံခန့်ခွဲခြင်းဖြစ်သည်" ဟူသော စကားကို ပြောကြားခဲ့ပါသည်။

"မိမိကိုယ်တိုင် တာဝန်ယူမှုရှိသော အသိစိတ်" ဖြင့် အလုပ်လုပ်ဆောင်ခြင်းမှာ "ဝန်ထမ်း၏ စီးပွားရေးလုပ်ငန်း" လုပ်ဆောင်ရာတွင် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပြီး ကျွန်ုပ်တို့ တစ်ဦးစီတိုင်းသည် အများထက်သာလွန်သောအလုပ်ဖြစ်ရန် ရည်မှန်း၍ မိမိကိုယ်မိမိ တိုးတက်အောင် ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါသည်။ သို့သော် လူတစ်ဦးသည် မည်မျှပင် အရည်အချင်းရှိပါစေ လူတစ်ဦး၏ အသိပညာသည် အကန့်အသတ်ရှိသည်။ ကိုယ်တိုင် နည်းလမ်းတကျ စီမံခန့်ခွဲခြင်းနှင့် အလုပ်လုပ်ဆောင်ခြင်းသည် ယာယီအားဖြင့် အလုပ်ဖြစ်လျှင်ပင် နောက်ဆုံးတွင် မိမိကိုယ်ကို အားကိုးခြင်း၏ အန္တရာယ်ရှိသော သက်ရောက်မှုများ ပေါ်ထွန်းလာမည်ဖြစ်ပြီး ကြာရှည်ခံမည်မဟုတ်ပါ။

ထိုအစား လူအများ၏ အသိဉာဏ်ပညာများကို စုဆောင်းပြီး အရည်အသွေးမြင့် ဆုံးဖြတ်ချက်များ အမြန်ချခြင်းသည် လူ့အဖွဲ့အစည်းကို အမြန်ဆုံးအရှိန်အဟုန်ဖြင့် ဆက်လက်အကျိုးပြုနိုင်စေမည် ဖြစ်သည်။

စုပေါင်းအသိပညာများ စုဆောင်းနိုင်ရန် ပထမဦးစွာ ရာထူးကြီးသူသည် မိမိ၏ လက်အောက်ငယ်သားများနှင့် ပူးပေါင်းဆောင်ရွက်ကာ တစ်ဦးစီ၏ ကောင်းကွက်များကို အကောင်းဆုံးအသုံးချရန် အရေးကြီးပါသည်။ လူတိုင်း၏ အရည်အချင်းများကို အမြင့်ဆုံး ပြသရန်အတွက် အထက်လူကြီးများသည် လက်အောက်ငယ်သားများကို ယုံကြည်၍ ကြီးမားသော တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ပေးအပ်ကာ ဝန်ထမ်းတစ်ဦးချင်းစီအား မိမိတို့၏ သက်ဆိုင်ရာနေရာတွင် ဉာဏ်ရည်ဉာဏ်သွေးနှင့် တီထွင်မှုများကို တက်ကြွစွာ ဖန်တီးနိုင်စေရန်အတွက် အားပေးတိုက်တွန်းရန် လိုအပ်သည်။

ထို့အပြင် လက်အောက်ငယ်သားများ၏ အကြံပြုချက်များနှင့် အဆိုပြုချက်များကို လေးလေးနက်နက် နားထောင်ပေးပြီး ထိုအကြံပြုချက်များကို တတ်နိုင်သမျှ အသုံးပြုရန်ကြိုးစားပါ တစ်ဖက်တွင် ထိုအကြုံပြုချက်များကို အသုံးမပြုနိုင်သောအခါ ထိုအသုံးမပြုနိုင်ရသည့် အကြောင်းအရင်းကို ကောင်းစွာရှင်းပြပြီး လက်အောက်ငယ်သားများ၏ စိတ်အားထက်သန်မှုနှင့် လွတ်လပ်မှုကို မဆုံးရှုံးစေဘဲ ပိုမိုတက်ကြွလာနိုင်စေရန် ထည့်သွင်းစဥ်းစားပေးရမည်ဖြစ်သည်။

ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ မူဝါဒများကို ခိုင်မာလာစေရန်အတွက် အထက်လူကြီးသည် ၎င်း၏လက်အောက်ငယ်သားများထံသို့ "အထက်လူကြီး၏ အတွေးကို လက်အောက်ငယ်အားသို့ ပြောကြားခြင်း" ပြုရန် လိုအပ်ပါသည်။ သို့သော်လည်း အထက်လူကြီးက ညွှန်ကြားချက်ပေးရုံဖြင့်၊ လက်အောက်ငယ်သားများက ၎င်းကို လိုက်နာရုံဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရှိလာမည်မဟုတ်ပါ။ ထိုတင်သာမက "လက်အောက်ငယ်သား၏ အတွေးကို အထက်သို့ ပြောကြားခြင်း" တစ်နည်းအားဖြင့် လက်အောက်ငယ်သားများက မိမိအထက်လူကြီးကို ပြောသင့်ပြောထိုက်သည့်စကားကို ပြောနိုင်သည့် ယဉ်ကျေးမှုသည် စုပေါင်းအသိပညာကို ပေါင်းစပ်ထားသော ဝန်ထမ်းအားလုံး၏စီမံခန့်ခွဲမှုတွင် မရှိမဖြစ် လိုအပ်ပါသည်။

ဥပမာအားဖြင့် ဝန်ထမ်းအသစ်ဖြစ်လျှင်ပင် လူတစ်ဦးစီသည် လွတ်လပ်သောစီမံခန့်ခွဲမှုအဖွဲ့တစ်ခု၏ အဓိကဇာတ်ကောင်ဖြစ်ပြီး စီမံခန့်ခွဲသူဟူသည့် "ဝန်ထမ်း၏ စီးပွားရေးလုပ်ငန်း" စိတ်သဘောထားဖြင့် တိုးတက်သင့်ဟု ထင်သည့်အရာကို အဆိုပြုခြင်းစသဖြင့် လက်အောက်ငယ်သားများသည်လည်း လွတ်လပ်သောစီမံခန့်ခွဲမှုတွင် ပါဝင်ဆောင်ရွက်ရန်လိုအပ်ပါသည်။

ထို့အပြင် မတူကွဲပြားသော ထင်မြင်ယူဆချက်များနှင့် သတိပြုချက်များကို စုဆောင်းရန်လည်း အရေးကြီးပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ စျေးကွက်များတွင် ဖောက်သည်များနှင့် တွေ့ဆုံရသော ကျွန်ုပ်တို့သည် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်နေသော လူ့အဖွဲ့အစည်းတွင် ကျွန်ုပ်တို့၏ ဖောက်သည်များထံမှ ဆက်လက်ရွေးချယ်ခံရစေရန်အတွက် ကျွန်ုပ်တို့၏အလုပ်ကို မတူကွဲပြားသော ရှုထောင့်များနှင့် တွေးခေါ်ပုံနည်းလမ်းများမှ ချဉ်းကပ်ရန် လိုအပ်ပါသည်။ မတူကွဲပြားသော ထင်မြင်ယူဆချက်များနှင့် သတိပြုချက်များကို ဖြစ်ပေါ်စေသည်မှာ မတူကွဲပြားသော ကိုယ်ရည်ကိုယ်သွေးများ ဖြစ်ပါသည်။ လူတစ်ဦးစီတိုင်း၏ ပင်ကိုယ်စရိုက်များကို အပြန်အလှန် လက်ခံလေးစားရန် အလွန်အရေးကြီးသည်။

မတူကွဲပြားသော ကိုယ်ရည်ကိုယ်သွေးများကို အသုံးချခြင်းဖြင့် အသိပညာကို စုဆောင်းပြီး အဖွဲ့အစည်းသည်လည်း ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်ပါသည်။ တစ်နည်းအားဖြင့် မတူကွဲပြားမှုများသည် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့်လာစေပါသည်။ ထို့အပြင် မတူကွဲပြားမှုကို အသုံးချနိုင်စေရန် အထက်လူကြီးများသည် တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးအလိုက် မတူညီသော အတားအဆီးများကို ဖယ်ရှားကာ စိန်ခေါ်မှု အခွင့်အလမ်းရရှိစေရန်အတွက် ပံ့ပိုးကူညီရန် လိုအပ်သည်။

ထို့အပြင် အဖွဲ့အစည်းတွင် "လက်အောက်ငယ်သား၏ အတွေးကို အထက်သို့ ပြောကြားခြင်း" ကို အသက်ဝင်စေပြီး မတူကွဲပြားမှုများကို အကျိုးရှိရှိ အသုံးချနိုင်စေရန်အတွက် အဖွဲ့အစည်းရှိ တစ်ဦးစီတိုင်းသည် "မိမိသည် ဤအဖွဲ့အစည်းအတွင်း ပြောသင့်သည်များကို မည်သည့်အချိန်တွင်မဆို ပြောနိုင်သည်" ဟု ခံစားနိုင်စေသည့်အခြေအ‌နေဖြစ်အောင် ရည်မှန်းထားရန် လိုအပ်ပါသည်။ အထက်အောက်ရာထူးများ မခွဲခြားဘဲ ပြဿနာများကို မျှဝေကြပြီး၊ စံပြပုံစံနှင့် လုပ်ဆောင်သင့်သော မူဝါဒ၊ နည်းလမ်းများကို တက်ကြွစွာ ဆွေးနွေးကြပြီး၊ အကြီးတန်းအဖွဲ့အစည်းများ၏ ညွှန်ကြားချက်များနှင့် မူဝါဒများကို အထက်လူကြီးရော လက်အောက်ငယ်သားများပါ မျက်စိစုံမှိတ် လိုက်နာကြရမည်မဟုတ်ဘဲ အမြဲတမ်း မှန်ကန်သော ထင်မြင်ချက်များ ဖလှယ်နိုင်မှသာလျှင် စုပေါင်းအသိပညာများ စုစည်းနိုင်မည်ဖြစ်ပါသည်။

စုပေါင်းအသိပညာများ စုဆောင်းခြင်း၏ အဓိကအချက်မှာ အထက်လူကြီးနှင့် လက်အောက်ငယ်သား နှစ်ဦးစလုံးသည် ကိုယ်ပိုင်အတွေးနှင့် ယုံကြည်ချက်ဖြင့် ချည်နှောင်ခြင်းမရှိဘဲ အရှိကိုအရှိအတိုင်း ဓမ္မဓိဋ္ဌာန်ကျကျဖြင့် မှန်ကန်သောဘက်မှ ကြည့်ရှုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် "ရိုးသားသောစိတ်" ဖြင့် အလုပ်လုပ်ဆောင်ရန် အရေးကြီးပါသည်။

Panasonic Group ၏ ဌာနအားလုံးတွင် စစ်မှန်သော စုပေါင်းအသိပညာဖြင့် ဝန်ထမ်းအားလုံး၏ စီမံခန့်ခွဲမှုကို လက်တွေ့ဖော်ဆောင်ခြင်းဖြင့် ဖောက်သည်များထံမှ ရွေးချယ်ခံရစေမည့် ပြိုင်ဘက်ကင်းသော အရည်အသွေး၊ ကုန်ကျစရိတ်နှင့် ဝန်ဆောင်မှုများ ဖြစ်စေရန် လက်တွေ့ဖော်ဆောင်သွားရမည်။

အခြေခံစီးပွားရေးဓာတ်ပုံကို လုပ်ငန်းစဉ်တွင် အသုံးပြုရန် တစ်ယောက်တည်းအနှစ်သင်္ကာ ဝန်ထမ်းတစ်ယောက်တည်းအတွက် လုပ်ငန်းလမ်းညွှန်များစုစည်းမှု။