Panasonic Group ၏ စီမံခန့်ခွဲရေးအခြေခံမူဝါဒ ၆။ စီမံခန့်ခွဲရေးအခြေခံမူဝါဒအား လက်တွေ့ဖော်ဆောင်ခြင်း

စီမံခန့်ခွဲရေးအခြေခံမူဝါဒသည် လက်တွေ့ဖော်ဆောင်မှာသာ လိုက်နာဆောင်ရွက်နိုင်သောအရာ ဖြစ်သည်။ ဥက္ကဋ္ဌဟောင်း Arataro Takahashi သည် "စီမံခန့်ခွဲရေးအခြေခံမူဝါဒဆိုသည်မှာ မှတ်သားရုံဖြင့် မည်သည့်နေရာတွင်မျှ အသုံးမဝင်သောအရာ ဖြစ်သည်။ ဤသည်ကို မရွေ့ပြောင်းနိုင်သော "ဖောင်ဒေးရှင်း" ဖြစ်စေရန် ကိုယ်တိုင်လက်တွေ့ ဖော်ဆောင်ပြီး ခန္ဓာကိုယ်ဖြင့် သင်ယူရန်မှာ အရေးကြီးသည်" ဟု ပြောကြားခဲ့ပြီး ဥက္ကဌဟောင်း ကိုယ်တိုင်သည်လည်း အုပ်စုလုပ်ငန်းများစွာ၏ ပြန်လည်တည်ဆောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းကို လက်တွေ့ဆောင်ရွက်နိုင်ခဲ့သည်။

ဤနေရာတွင် စီမံခန့်ခွဲရေးအခြေခံမူဝါဒအား လက်တွေ့ဖော်ဆောင်ရာတွင် ကြိုတင် သိထားသင့်သည့် အဓိကအချက်များကို ရှင်းပြမည်ဖြစ်သည်။

(၁) "ဖော်ဆောင်သင့်သောအနာဂတ်" ပုံစံကို စိတ်ကူးပုံဖော်ပြီး အရေးကြီးသောဖောက်သည်တန်ဖိုးကို ရရှိအောင် အားထုတ်ခြင်း

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ စိတ်ရော ကိုယ်ပါ သာယာဝပြောသော "စံပြလူ့အဖွဲ့အစည်း" ဖော်ဆောင်ရန်ဖြစ်သည်။ လုပ်ငန်းအသီးသီးတွင်လည်း ဤတူညီသောရည်ရွယ်ချက်ရှိကြပြီး မိမိတို့၏ ရည်ရွယ်ထားမည့် အနာဂတ်ကို ပုံဖော်ကာ၊ အကောင်အထည်ဖော်ရန်အတွက် ရှေ့ဆက် လုပ်ဆောင်သွားရန် လိုအပ်သည်။

ဤနေရာတွင်ပြောထားသည့် ရည်ရွယ်ထားသည့်အနာဂတ်ဆိုသည်မှာ လက်ရှိအခြေအနေအပေါ် ထပ်တိုးချဲ့ထားသည့်အရာလည်းမဟုတ်၊ မိမိတို့၏ ကိုယ်ပိုင်ရှုထောင့်မှ တွေးခေါ်သည့်အရာလည်း မဟုတ်ပါ။ အနာဂတ် လူသားတို့၏ နေထိုင်မှု၊ လူ့အဖွဲ့အစည်း၊ ကမ္ဘာ့ပတ်ဝန်းကျင်မှာ မည်သို့ ဖြစ်သင့်သနည်း၊ မည်သည့်ပုံစံဖြစ်ပါက ကျွန်ုပ်တို့၏ သားသမီး၊ မြေးမြစ်များအထိ ကိုယ်ရော၊ စိတ်ပါ ယခုထက် ပိုမိုကောင်းမွန်စွာနေထိုင်နိုင်မည်နည်း။ ဟူသည့် လူသားကို ဗဟိုပြု၍ ဖော်ဆောင်သင့်သော အနာဂတ်ပုံစံကို စိတ်ကူးပုံဖော်ရန်လိုအပ်သည်။

ထိုမှ နောက်ပြန်ဆုတ်၍ မိမိလုပ်ငန်းသည် မည်ကဲ့သို့အသုံးဝင်အောင် လုပ်သင့်သနည်း၊ အများထက် သာလွန်၍ အသုံးဝင်စေရန် မိမိလုပ်ငန်းသည် မည်သို့သော ပြုပြင်ပြောင်းလဲမှုကိုပြုလုပ်၍ ယှဥ်ပြိုင်နိုင်စွမ်းကို မြှင့်တင်သင့်သနည်း၊ မည်သို့သောအဆင့်များကို လုပ်ဆောင်သင့်သနည်းကို တွေးတော၍ စေ့စပ်စွာ လက်တွေ့ဖော်ဆောင်ရမည်ဖြစ်သည်။

ရည်ရွယ်ထားသည့်အနာဂတ်ကို ထူးခြားသောမိမိတို့၏ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုမှတစ်ဆင့် ဖော်ဆောင်ရန်အတွက် အရေးကြီးသောဖောက်သည်တန်ဖိုးရရှိအောင် အားထုတ်ရန်လိုအပ်သည်။ အရေးကြီးသောဖောက်သည်တန်ဖိုးဆိုသည်မှာ လွန်ကျွံသောစွမ်းဆောင်ရည်နှင့် အရည်အသွေးရှိရန် မဟုတ်ပါ။ ထို့အပြင် ဖောက်သည်ပြောကြားသည့်အရာကို ပြောကြားသည့်အတိုင်း ဖော်ဆောင်ခြင်း မဟုတ်ပါ။ ဖောက်သည်များဘေးတွင် အမှန်တကယ် ရှိ၍ ဖောက်သည်များ၏ အခက်အခဲများနှင့် ပြဿနာများ၏အနှစ်သာရ၊ ထို့နောက် ဖောက်သည်များ၏ အနာဂတ်ကို ရှုမြင်၍ ဖောက်သည်များအတွက် အမှန်တကယ်အသုံးဝင်စေမည့်အရာကို ဖော်ဆောင်ပေးခြင်းဖြစ်သည်။

လက်ရှိဖောက်သည်များ၏ စကားသံများကို ဂရုတစိုက်နားထောင်ကာ ဖောက်သည်၏နေရာမှ နေ၍ ကုန်ပစ္စည်းမျာကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားရန် လိုအပ်သည်။ တစ်ဖက်တွင် "ဖောက်သည်များဘေးတွင် အမှန်တကယ် ရှိခြင်း" ဆိုသည်မှာ ဖောက်သည်များအတွက် အနာဂတ်နေထိုင်မှုနှင့် လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲစေခြင်းအထိ စဥ်းစား၍ ထိုအရာကို လက်တွေ့ဖော်ဆောင်ရန်အတွက် ကျွန်ုပ်တို့သည် ဖောက်သည်များအတွက် ရဲဝင့်စွာ အနာဂတ်ကို စိန်ခေါ်မှုပြုခြင်းဖြစ်သည်။

Panasonic Group တွင် ဤတွေးခေါ်နည်းဖြင့် ဖွံ့ဖြိုးတိုးတက်လာသောလုပ်ငန်းများစွာရှိသည်။ ဥပမာအားဖြင့် မော်တာလုပ်ငန်း။ တည်ထောင်သူသည် ယခုမှစ၍တွင် အိမ်တစ်လုံးတွင် ပျမ်းမျှ မော်တာ ၁၀ လုံး အသုံးပြုမည့်နေ့ သေချာပေါက်ရောက်ရှိလာမည်ဟူသည့် အနာဂတ်ကို ၁၉၃၀ ခုနှစ်တွင် စိတ်ကူးပုံဖော်ပြီး မော်တာလုပ်ငန်းကို တည်ထောင်ခဲ့သည်။ ထို့အပြင် ထိုကာလတွင် "လူသားများအတွက် သတင်းအချက်အလက် ပိုမိုလွယ်ကူစွာရယူရန်" အတွက် ယခင်ဈေးနှုန်း၏ ထက်ဝက်ဈေးဖြင့် ရေဒီယိုများကို များစွာသောအိမ်ထံသို့ ပို့ဆောင်ရန်ရည်ရွယ်ပြီး ကုန်ကျစရိတ်ကို ထက်ဝက်လျေ့ာချခဲ့သည်။

လက်တွေ့ဖော်ဆောင်ရမည့်အနာဂတ်လမ်းမှာ ရှည်လျားပြီး မတ်စောက်သည်။ လက်တွေ့တွင် သုညမှစ၍ လုပ်ကိုင်ရသောမော်တာလုပ်ငန်းသည် အစပိုင်းတွင် အလုပ်မဖြစ်ခဲ့ဘဲ၊ ကုမ္ပဏီအတွင်းတွင်လည်း "စက်ရုံကို ပိတ်သင့်တယ်" ဟူသည့် စကားသံများ ထွက်ပေါ်လာခဲ့သည်။

သို့သော် ဥက္ကဋ္ဌဟောင်း Arataro Takahashi သည် စီမံခန့်ခွဲရေးမူဝါဒကို လက်တွေ့ဖော်ဆောင်ရေး၊ တစ်နည်းအားဖြင့် အများထက်သာလွန်သော အရည်အသွေး၊ ကုန်ကျစရိတ်နှင့် ဝန်ဆောင်မှုကို စေ့စေ့စပ်စပ်လက်တွေ့ဖော်ဆောင်ရန် လုပ်ငန်းဌာနရှိ ဝန်ထမ်းအားလုံးနှင့် စကားပြော၍ ကုန်ထုတ်လုပ်ရေး၊ နည်းပညာ၊ အရောင်းပိုင်းအသီးသီးတွင် ဝန်ထမ်းများက မဆုတ်မနစ်ဘဲ ကြိုးပမ်းအားထုတ်ကြသဖြင့် ဆက်တိုက်ဆိုသလို တိုးတက်အောင်မြင်လာပြီး မည်မျှပင် အရေအတွက်ကို ပိုမိုထုတ်လုပ်စေကာမူ ဝယ်လိုအားအလိုက် ထုတ်လုပ်မှုလိုက်မမှီအောင် အောင်မြင်လာခဲ့သည်။ ထိုသို့အောင်မြင်ရန် နှစ်ပေါင်း ၂၀ ခန့်အချိန်ယူခဲ့ရသော်လည်း မော်တာလုပ်ငန်း တိုးတက်မှုသည် နောက်ပိုင်း အိမ်သုံးလျှပ်စစ်ပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာ အထောက်အပံ့ဖြစ်ခဲ့သည်။

ထိုကဲ့သို့ပင် ကျွန်ုပ်တို့သည် လုပ်ငန်းအသီးသီးတွင် ဖော်ဆောင်သင့်သော အနာဂတ်ပုံစံကို စိတ်ကူးပုံဖော်၍ အရေးကြီးသောဖောက်သည်တန်ဖိုးကို ရရှိအောင်အားထုတ်ရမည်ဖြစ်သည်။

(၂) "လူ့အဖွဲ့အစည်းတရားမျှတမှု" ၊ "အတူယှဥ်တွဲနေထိုင်ခြင်းနှင့် အတူဖွံ့ဖြိုးတိုးတက်ခြင်း" အား လက်တွေ့ဖော်ဆောင်ခြင်း

ကျွန်ုပ်တို့သည်လူ့အဖွဲ့အစည်းမှ အပ်နှင်းထားသည့် စီမံခန့်ခွဲမှုအရင်းအမြစ်ကို အသုံးပြု၍ လုပ်ငန်းလုပ်ဆောင်ပြီး ဤအရင်းအမြစ်များကို လူ့အဖွဲ့အစည်းအတွက် မှန်ကန်စွာ စီမံလည်ပတ်ကာ သက်ဆိုင်သူများအပေါ် တင်ရှိနေသောတာဝန်ဝတ္တရားများကို အပြည့်အဝ ဖြည့်ဆည်းပေးရမည် ဖြစ်သည်။

ဥပဒေနှင့် လူမှုရေးကျင့်ဝတ်များကို မချိုးဖောက်ဘဲ "လူ့အဖွဲ့အစည်းအတွက် မှန်ကန်သောအရာ" ကို အမြဲစဥ်းစားပြီး မှန်ကန်သောအသိပညာကို သင်ယူကာ လက်တွေ့ဖော်ဆောင်ရမည်ဖြစ်သည်။ တည်ထောင်သူသည် အဆိုပါအရေးကြီးမှုကို "လူ့အဖွဲ့အစည်းတရားမျှတမှု" ဟူသောစကားလုံးဖြင့် ဖော်ပြခဲ့သည်။ ဝန်ထမ်းများ ကိုယ်စိတ်ကျန်းမာစေရန် အဓိကထားဦးစားပေး၍ "လူ့အဖွဲ့အစည်းတရားမျှတမှု" ကို မဆုတ်နစ်ဘဲ လက်တွေ့ဖော်ဆောင်ခြင်းသည် လူ့အဖွဲ့အစည်း၊ စက်မှုလုပ်ငန်းနယ်ပယ်နှင့် စီးပွားမိတ်ဖက်များ၏ စစ်မှန်သောဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။

ထို့အပြင် ကျွန်ုပ်တို့သည် လုပ်ငန်းလုပ်ဆောင်ရာတွင် အထူးသဖြင့် ရင်းနှီးသောဆက်ဆံရေးကို ကိုင်စွဲ၍ ကုန်ကြမ်းများ ထောက်ပံ့ပေးသောကုမ္ပဏီ၊ အလုပ်အပ်နှံသည့် ပူးပေါင်းဆောင်ရွက်ရေး ကုမ္ပဏီ၊ အေဂျင်စီ၊ ကန်ထရိုက်တာ၊ ကုန်ပစ္စည်းများကို ရောင်းချသောအရောင်းဆိုင်များ၊ ကိုယ်စားလှယ်ဆိုင်များနှင့် ဆက်ဆံရေးတွင် ကြီးပွားချမ်းသာရန်၊ ဖွံ့ဖြိုးတိုးတက်ရန် ကြံဆ၍ လက်တွေ့ဖော်ဆောင်ရမည်ဖြစ်သည်။

လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းသူတစ်ဦးအနေဖြင့် အဆိုပါမိတ်ဖက်များ အကြားတွင် ထင်မြင်ချက်များကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံရန်နှင့် အပြန်အလှန် နားလည်မှုရှိရန်၊ ကုန်ပစ္စည်းနှင့် နည်းပညာ၊ အလုပ်တိုးတက်ရေးစသည်တို့နှင့်ပတ်သက်၍ အပြန်အလှန် အသိပညာဝေမျှရန် လိုအပ်သည်။ ဤကဲ့သို့ လွတ်လပ်စွာပြုမူလုပ်ဆောင်ရင်းဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန်အရည်အသွေးများကို မြှင့်တင်ပေးပြီး စုပေါင်းအင်အားကို ပြသခြင်းဖြင့် လူ့အဖွဲ့အစည်းတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခြင်းမှာ Panasonic Group "အတူယှဥ်တွဲနေထိုင်ခြင်းနှင့် အတူဖွံ့ဖြိုးတိုးတက်ခြင်း" ၏ အခြေခံ အတွေးအခေါ်ပင်ဖြစ်သည်။

(၃) အသုံးမဝင်ခြင်း၊ ရပ်တန့်နေခြင်း၊ အစမှပြန်လုပ်ရခြင်းတို့ကို ပပျောက်အောင်လုပ်ခြင်း

"၁။ လုပ်ငန်း၏တာဝန်" တွင် ဖော်ပြခဲ့သော ကျွန်ုပ်တို့၏ အကျိုးအမြတ်အမြင်ဖြင့် ကြည့်မည် ဆိုပါက အရှုံးပေါ်ခြင်းကို "အပြစ်" ဟုမဆိုနိုင်ပါ။ သို့သော် မည်မျှပင်များစွာသော အကျိုးအမြတ်များ ထွက်ပေါ်နေသောလုပ်ငန်းဖြစ်စေကာမူ အဆိုပါလုပ်ငန်းတွင် အသုံးမဝင်ခြင်း၊ ရပ်တန့်နေခြင်း များစွာရှိပါက မူလကများစွာထွက်ရှိသင့်သည့်အကျိုးအမြတ်ထက် လျော့နည်းနေခြင်းဖြစ်သည်။ ဝန်ထမ်း၊ အစုရှယ်ယာရှင်များ၊ လူ့အဖွဲ့အစည်းအား ပြန်လည်ပေးအပ်ရန်၊ ပိုမိုများပြားသော ဖောက်သည်နှင့် အနာဂတ်အဖွဲ့အစည်းအား အထောက်အပံ့ပြုရန်အတွက် ငွေကြေးနောက်ကို မလိုက်ခြင်း ဟူသောရှုထောင့်မှကြည့်ပါက ဤသည်မှာ "အပြစ်" ဖြစ်သည်။

ဤကဲ့သို့ အရှုံးပြခြင်းမှာ အပြစ်ဖြစ်ပြီး ထိုထက်မက လုပ်ငန်းတွင် အသုံးမဝင်ခြင်း၊ ရပ်တန့်နေခြင်း၊ အလုပ်ကို အစမှပြန်လုပ်နေရခြင်းတို့မှာ "အပြစ်" ဖြစ်သည်။ ဥပမာအားဖြင့် တစ်ဦးချင်းစီ၏အလုပ်မှာ မည်မျှပင်သေးငယ်စေကာမူ ထိုအရာမှာ လူ့အဖွဲ့အစည်းရှိလူသားအားလုံးအတွက် တည်ရှိနေသော အရာဖြစ်ပြီး လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမြဲဆက်စပ်လျက်ရှိသည်။

ထိုကဲ့သို့ စဥ်းစားပါက ကျွန်ုပ်တို့၏ လုပ်ငန်းလုပ်ဆောင်မှုတွင် အသုံးမဝင်သောအရာတစ်ခုမျှပင် မရှိသင့်ဘဲ နေ့စဥ် တစ်ဦးချင်းစီသည် စက္ကန့်တိုင်းတွင် အသုံးမဝင်သောအရာကို သတိပြု၍ အသုံးမဝင်သောအရာ မရှိရေးကို မြှင့်တင်သွားရန် လိုအပ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဥပမာအားဖြင့် ဝက်အူတစ်ချောင်း၊ စာရွက်တစ်ရွက်ကိုင်တွယ်လျှင်ပင် အဆိုပါအလုပ်သည် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုသင့်ကြောင်း နားလည်ထားပြီး အကောင်းဆုံးအလုပ်ကို အမြဲလုပ်ဆောင်ရန် အားထုတ်သင့်သည်။

သေချာပေါက်ပင် အလုပ်လုပ်ဆောင်နည်းမှာ ခေတ်နှင့်အညီ ပြောင်းလဲလျက်ရှိသော်လည်း မည်သည့်ခေတ်တွင်မဆို အသုံးမဝင်ခြင်း၊ ရပ်တန့်နေခြင်း၊ အစမှပြန်လုပ်ရခြင်းတို့ကို လုံးဝ ပပျောက်အောင်လုပ်ခြင်းဖြင့် အလုပ်နှင့် လုပ်ငန်းအရှိန်နှုန်းမှာ မြန်ဆန်လာကာ၊ အလုပ်ခွင် ယှဥ်ပြိုင်နိုင်စွမ်းကို အားကောင်းစေပြီး လူ့အဖွဲ့အစည်းကို အထောက်အကူပြုသွားရမည်ဖြစ်သည်။

(၄) လူ့အဖွဲ့အစည်းပြောင်းလဲမှုအပေါ် တုံ့ပြန်ခြင်း

လူ့အဖွဲ့အစည်းသည် နေ့စဉ်ပြောင်းလဲလျက်ရှိပြီး အဆိုပါပြောင်းလဲမှုအရှိန်နှုန်းသည်လည်း နှစ်စဉ်တိုးမြှင့်လျက်ရှိသည်။ ထိုကဲ့သို့ပြောင်းလဲမှုတွင် ဆုတ်ယုတ်သွားသည့်၊ ပျောက်ကွယ်သွားသည့် အရာများလည်း ရှိပါက အသစ်ပေါ်ထွက်လာသည့်အရာလည်း ရှိမည်ဖြစ်သော်လည်း ခြုံငုံကြည့်ပါက လူ့အဖွဲ့အစည်းသည် အမြဲတစေ တိုးတက်ဖွံ့ဖြိုးလျက်ရှိသည်ဟု ဆိုနိုင်သည်။

ထို့အပြင် ယနေ့ခေတ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တုံ့ပြန်၍ ပေါ်ပေါက်လာသည့် လူ့အဖွဲ့အစည်းပြဿနာများလည်း များစွာရှိသည်။ သို့သော် အဆိုပါပြဿနာများကိုလည်း ဖြေရှင်းသင့်သည့်အရာအနေဖြင့် တွေး၍ ပိုမိုကောင်းမွန်သော တုံ့ပြန်ဆောင်ရွက်မှုနှင့် လမ်းကြောင်းအသစ်ကို ရည်ရွယ်ထားပါက ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းသည် နေ့စဥ်နှင့်အမျှပြောင်းလဲနေရင်းဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေသည်ဟု ဆိုနိုင်ပါသည်။ တည်ထောင်သူသည် ကမ္ဘာပေါ်ရှိ အရာအားလုံးအပေါ် "လှုပ်ရှားဖွံ့ဖြိုတိုးတက်ရေး" နိယာမ သက်ရောက်နေသည်ဟု ယုံကြည်ခဲ့သည်။

ကျွန်ုပ်တို့သည် ကိုယ်ရောစိတ်ပါ ချမ်းသာကြွယ်ဝသော "စံပြလူ့အဖွဲ့အစည်း" ကို အကောင်အထည်ဖော်နိုင်ရန်၊ လုပ်ငန်းအသီးသီးတွင် အကောင်အထည်ဖော်သင့်သော အနာဂတ်ကို ပုံဖော်ပြီး၊ ဖောက်သည်များ၏ အနာဂတ်ကို ကြည့်ရှုကာ ဖောက်သည်များအတွက် အမှန်တကယ် အသုံးဝင်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးဆောင်နိုင်ရန် ရည်မှန်းလျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့အနေဖြင့် အခွင့်အလမ်းနှင့် ခြိမ်းခြောက်မှု နှစ်မျိုးလုံးရှိသော အပြောင်းအလဲများကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။

ထိုသို့သော ပြောင်းလဲမှုနှင့် နိမိတ်များကို တုံ့ပြန်ရာတွင် ဖြစ်ပျက်နေသည့်အရာကို အပေါ်ယံမှ ဆုပ်ကိုင်မထားဘဲ ဦးစွာ အရှိကိုအရှိအတိုင်း ဓမ္မဓိဋ္ဌာန်ကျကျဖြင့် မှန်ကန်သောဘက်မှ ကြည့်ရှုကာ ၎င်းတို့နောက်ကွယ်မှ ကြီးမားသော စီးဆင်းမှုကို ဖမ်းဆုပ်နိုင်ရန် အရေးကြီးပါသည်။ ထို့နောက် ပြောင်းလဲမှုကို တုံ့ပြန်နိုင်ရန်အတွက် ယခုအချိန်ထိကောင်းကောင်း အလုပ်ဖြစ်ခဲ့သည့်နည်းလမ်း ဖြစ်နေပါစေ တစ်ခါတရံတွင် ထိုနည်းလမ်းကို ရပ်တန့်ပစ်ရန် တွေးထားရမည်ဖြစ်သည်။

ရပ်တန့်သင့်သည်ကို သတ္တိရှိရှိဖြင့် ရပ်တန့်ပြီး ခံစားချက်အသစ်၊ နည်းလမ်းအသစ်များနှင့် နေ့ရက်တိုင်းကို "နေ့သစ်" အဖြစ် လျှောက်လှမ်းသင့်သည်။ ဤသို့သောသဘောထားမျိုးဖြင့် ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းပြောင်းလဲမှုများတွင် စိတ်ပါဝင်စားပြီး စိန်ခေါ်မှုများကို စိတ်အားထက်သန်စွာဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

အခြေခံစီးပွားရေးဓာတ်ပုံကို လုပ်ငန်းစဉ်တွင် အသုံးပြုရန် တစ်ယောက်တည်းအနှစ်သင်္ကာ ဝန်ထမ်းတစ်ယောက်တည်းအတွက် လုပ်ငန်းလမ်းညွှန်များစုစည်းမှု။